မီးမီးရဲ့ ဖေဖေ

ဖေဖေက မီးမီးကို ပုံပြောပြတယ်။ ပုံပြင်လေးကတော့ မီးမီးနဲ့ ဖေဖေ့အကြောင်း။ ဖေဖေက မီးမီးလေးကို ဘယ်လောက်ချစ်တယ်။ ဂရုစိုက်တယ်ဆိုတာတွေပေါ့။

UNICEF Workshop မှာ Child Development အတွက် ကလေးရောမိဘပါ ကြည့်လို့ရအောင် ဒီ Animation ကိုလုပ်တယ်။ မူရင်း ပုံပြင်စာအုပ်က ဇာတ်လမ်းကို အခြေခံယူပြီး Storyboard ဆွဲတယ်။ အစအဆုံး FlashMX ထဲမှာ ဆွဲတယ်။ အဲဒါကြောင့် လက်ရာတွေက ကြောင်ခြစ်ထားသလို နေတာ။ :D

မီးမီးလေးနေရာမှာ သိပ္ပံသူရဲကောင်းကားထဲက ညီမသေးသေးလေး ဆုစန္ဒီဦးကို ချော့ပြီးညာခိုင်းလိုက်တယ်။ သူက အဲတုန်းက လေးနှစ်သမီးပဲ ရှိဦးမယ်။ ဖေဖေ့နေရာမှာတော့ ဂူဂူးကို ပြောခိုင်းလိုက်တယ်။ ဆွဲတာ ပြန်ပြင်တာ စုစုပေါင်း တစ်ပတ်လောက်ကြာတယ်။

MiMi’s Dad from Lionslayer on Vimeo.

အနမ်းလက်ဆောင်

ကြောင်သားသားကလေးက ကျောင်းသွားရတော့မယ်။ ဒါပေမယ့် ကျောင်းမှာ ဘာတွေ ရှိမလဲ။ ဘယ်သူတွေနဲ့တွေ့မလဲ။ တွေးတွေးပြီးကြောက်နေတော့ ကျောင်းမသွားချင်တော့ဘူး။ မေမေကြောင်က သားလေးရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သိတယ်လေ။ ဒီတော့ သားလေးကို မွှေးမွှေးပေးပြီး ကျောင်းမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေအတွက် ခွန်အားတွေ ပေးလိုက်တာပေါ့။

ဒီ Animation ကိုလုပ်တော့ Version နှစ်မျိုးလုပ်ခဲ့ရလို့ တော်တော် အချိန်ကုန်ခဲ့တဲ့ ကားလေးပါ။ အသံကို မကြိုက်တာနဲ့ အရုပ်ကမြန်နေတာနဲ့ အရောင်က ရင့်နေတာနဲ့ …. စသည်ဖြင့် အကြိမ်ပေါင်းများစွာ ပြင်ခဲ့ရတာ။ သူ့ရဲ့ မူရင်းဇာတ်လမ်းက ကလေးပုံပြင်စာအုပ်လေးထဲက။ အဲဒါကို ကိုယ့်ဟာကိုယ် Storyboard ပြန်ဆွဲ Character ပြန်ဆောက်လိုက်တယ်။

Model, Animation တွေကို 3dsmax ထဲမှာပဲဆွဲတယ်။ Background ကို Photoshop နဲ့ ပွတ်ပြီး Textures တွေကို Bodypaint3D နဲ့ခြယ်တယ်။ အသံတွေကိုတော့ ကွန်ပျူတာမှာ မိုက်တပ်ပြီး ဒီတိုင်းပဲ သွင်းလိုက်တယ် (စတူဒီယိုဖိုး သက်သာတာပေါ့ :D )။ သားသားနေရာမှာ ပီးပီးလေးက သရုပ်ဆောင်တယ်။ မေမေကတော့ UNICEF က ဂျူလီယန်ဆိုတဲ့ အစ်မကြီး။ အစ်မအသံက နားထောင်လို့ကောင်းတယ်ဆိုပြီး ရုံးရောက်တုန်း Dialog တွေ ဖတ်ခိုင်းပြီး အသံသွင်းထားလိုက်တာ။ Animation တွေလုပ်တော့ ပုံမှန် Speed နဲ့ Play တော့ မြန်နေတယ်ဆိုပြီးပြောတယ်။ ဘာလို့လဲဆိုတော့ ဒီကားလေးက မေတ္တာနဲ့ လွှမ်းခြုံနေရမှာမို့လို့ အကုန်လုံးက နူးညံ့ငြင်သာသိမ်မွေ့ရမယ်ဆိုပဲ။ ဒါနဲ့ Frame Rate တွေ လိုက်လျှော့လိုက်တာပေါ့ :D ။

“သူငယ်ချင်းတို့လည်း အားငယ်စိတ်တွေဝင်လာရင် အနမ်းလက်ဆောင်ကို စမ်းသုံးကြည့်ပါလား။”

Kissing Present from Lionslayer on Vimeo.

သားသား ရေချိုးပြီ

သားသားက ရေမချိုးချင်ဘူး။ ရေကြောက်နေတယ်။ သင်သာ မေမေ ဖြစ်မယ်ဆို ဘယ်လို လုပ်မလဲ။ “လာစမ်း သောက်ကောင်လေး” ဆိုပြီး ရေချိုးဇလုံထဲ ပစ်ထည့်မလား။ “မချိုးလည်း နေဟာ” ဆိုပြီး ပေယျာလကံ ပစ်ထားမလား။ မှတ်လောက်သားလောက်ရှိအောင် ဆော်ပစ်မလား။

UNICEF workshop မှာ ဆရာ အော်ပီကျယ်က အင်မတန်သိမ်မွေ့တဲ့ နည်းလမ်းတစ်ခုသုံးပြီး ကလေးလေး ရေချိုးအောင် အမေလုပ်သူက မေတ္တာတရားနဲ့ ဆွဲဆောင်သွားပုံကို ကာတွန်းတစ်ပုဒ် ဆွဲပါတယ်။ အဲဒါကို NGO က လူတွေက အင်မတန် သဘောကျကြတဲ့အတွက် Animation လုပ်ဖို့ ကျွန်တော့်တာဝန် ဖြစ်လာတယ်။

ကာတွန်းက တော်တော်တိုတဲ့အတွက် ဆွဲဆောင်မှုရှိအောင် ဂီတမိတ်က ကိုကျော်စွာထွန်းက မြူးမြူကြွကြွ သီချင်းလေးတစ်ပုဒ် ရေးပေးပါတယ်။ ဟေမာန်မင်းဇော်ကပဲ သီချင်း ဆိုပေးပါတယ်။ ကလေးနေရာမှာတော့ ဂူဂူးညီလေး ပိပိ ထင်တယ်။ ဇာတ်ကောင်တွေကို နဂိုသရုပ်ဖော်ပုံက ကွဲထွက်မသွားအောင် 3D မှာ သတိထားပြီး Model လုပ်ရပါတယ်။ Render ကို 2D အမြင် ရအောင်လုပ်ပြီး လိုတာနည်းနည်းကို FlashMX မှာ ဖြည့်ဆွဲတယ်။

အင်မတန်ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။ ကြည့်ရှုနားဆင်ခံစားကြည့်ပါဦး။

Thar Thar is taking bath from Lionslayer on Vimeo.

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.