1234 တစ်နှစ်သုံးလေး

“စာမတတ်သေးတဲ့ သုံးလေးနှစ်ရွယ် ကလေးလေးတွေ ကြည့်ပြီး အနည်းဆုံး ကိန်းဂဏန်း ရေတတ်သွားအောင် သင်ပေးနိုင်တဲ့၊ သင်နေတယ်လို့လည်း မခံစားရစေတဲ့ Animation တစ်ခုလုပ်ရမယ်။”

အဲဒီစကား အကြားမှာ အီလည်လည်ဖြစ်သွားတဲ့ ကျွန်တော့မျက်နှာ မြင်ယောင်သာ ကြည့်ပါတော့။ ကတိက ပေးပြီးသားဆိုတော့ မလုပ်လို့လည်း မဖြစ်။ အချိန်ကလည်း ကပ်နေပြီ။ အကြိတ်အနယ် ခေါင်းချင်းဆိုင် ဆွေးနွေးကြပြီးတဲ့နောက် သီချင်းနဲ့ ဇာတ်လမ်းကို အိုင်ဒီယာရသွားတယ်။ သမီးလေးနဲ့ အဖေကြီး လမ်းလျှောက်ထွက်လာရင်း လမ်းတစ်လျှောက်တွေ့တဲ့ နေ့စဉ်မြင်နေကျ အကောင်တွေ အသီးတွေရဲ့ အရေအတွက်ကို သမီးလေးကို သင်ပေးမယ်ပေါ့။

သီချင်းကို အားရပါးရလည်းစပ်ပြီးရော နံပါတ်ရှစ်ပြီး ကိုးမလာတော့ဘူး။ ဟာ ဘယ်လိုလုပ်ကြမလဲ။ သံစဉ်နဲ့ စာသားနဲ့လည်းကွက်တိ။ ဘယ်လိုမှ ထိုးထည့်လို့ မရတော့ဘူး။ အချိန်ကလည်းကပ်နေပြီ။ အဲဒီမှာ လူကြီးတစ်ယောက်က ထပြောတယ်။ ရပါတယ် ရှစ်လောက်ထိ သိလည်း ဆိုးပါဘူးတဲ့။ အဲဒါနဲ့ပဲ… ။

တေးရေးက လမင်း။ တေးဆိုက အဖေနေရာမှာ ကိုမင်းမင်း။ သမီးလေးနေရာမှာ ခင်လပြည့်ဝန်းဆိုတဲ့ ကလေးမလေးထင်တယ်။ Animator and everything else ကတော့ ကျွန်တော်။

နီးစပ်ရာလူဆီက မေးပေတော့… ရှစ်ပြီးရင် ဘာလဲ။ :D

1234 from Lionslayer on Vimeo.

လက်ဆေးကြစို့

2005 က ကျနော့်သူငယ်ချင်း ဂူဂူးအဖေ ဆက်ပေးလိုက်တာ ကျွန်တော်လည်း UNICEF Workshop တစ်ခုမှာ Media လောကသားတစ်ယောက်အဖြစ်နဲ့ လူကြီးလူကောင်း ပေါက်စန သွားလုပ်ခဲ့တယ်။ အင်း နည်းနည်းကြာပြီဆိုတော့ ဘူဖေးနဲ့ လက်ဖက်ရည်လောက်ပဲ မှတ်မိတော့တယ် :D ။

အကြောင်းအရာက အရွယ်မရောက်သေးတဲ့ ( ငါးနှစ်အောက်) ကလေးတွေကို ပညာပေးဖို့။ ဆရာကြီးပုံစံနဲ့ ပြောပြနေတာလည်းမဖြစ်ရဘူး။ ပျင်းစရာလည်းမကောင်းရဘူး။ ကလေးတွေလည်း လိုလိုချင်ချင်နဲ့ ကြည့်ရင်း၊ ဖတ်ရင်း၊ နားထောင်ရင်း တစ်ခုခု ပညာရပြီးသား ဖြစ်ရမယ်။ ကလေးတွေအတွက်ဖြစ်တဲ့အတွက် ကလေးလိုတွေးရမယ်။ မိမိလက်ရှိ လူကြီးလူကောင်းဦးထုပ်တွေ၊ ငါဘယ်သူဘယ်ဝါ၊ ဘာကောင် စတဲ့ ဦးထုပ်တွေကို ချွတ်ထားခဲ့ရမယ်လို့ Workshop ကို ကမကထလုပ်သူ ဂျာမန်သူ ပရော်ဖက်ဆာ ဘာဘရာက ပြောပါတယ်။ မှတ်မိသလောက် အဲဒီကို ဆရာ အော်ပီကျယ် (APK) ၊ ဆရာအတ္တကျော်( ATK) ၊ ဆရာမ ဂျူးတို့လည်း လာကြတယ်ထင်တယ်။

ATK နဲ့ APK ပါလို့သာ ပွဲစည်တယ် ပြောရမယ်၊ အချိန်အများစုမှာ ဘာဘရာပြောသမျှနားထောင်လိုက်၊ Group Activities လေးတွေ လုပ်လိုက်နဲ့ ဟုတ်နေကြတာပဲ။ Workshop စလို့ တစ်ရက်နှစ်ရက်မှာပဲ ဝပ်ရှော့အပြီးမှာ Product တစ်ခုခု ထွက်ရမယ်ဆိုပြီး ဘာဘရာက ဖိအားပေးတယ်။ ကျန်တဲ့လူတွေတော့ ဘယ်လိုနေတယ်မသိ၊ Animator လုပ်နေတဲ့ ကျွန်တော်ကတော့ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ရတယ်။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး နေ့မအိပ်ညမအိပ် နှစ်ရက်လောက် ကွန်ပျူတာရှေ့ထိုင်လိုက်တော့မှ တစ်မိနစ်ခွဲစာ Animation လေးတစ်ခု ဖျစ်ဖျစ်မြည်အောင် ထွက်လာတယ်။ သူငယ်ချင်းကြီး ဂူဂူးကလည်း အားကိုးရသလားတော့ မမေးနဲ့။ ဘေးနားက ကာတွန်းစာအုပ်လေးဖတ်လိုက်၊ ဂျာနယ်လေးဖတ်လိုက်နဲ့ အင်မတန် အကူအညီ ရရှာပါတယ်။ ( :D အမှန်တော့ မီးမလာလို့ သူတို့အိမ် ညအိပ်ညနေ သွားလုပ်တာ။ အဲဒီကပဲ မနက်စာညစာ ပါးဖြဲနားဖြဲ စားလာတာ။)

ကျွန်တော်တို့ လုပ်ဖို့ ရွေးချယ်တော့ လက်ဆေးတဲ့ အကြောင်းအရာကို လုပ်ဖို့ ဝိုင်း သဘောတူတြတယ်။ နောက်ခံသီချင်းကိုတော့ ကိုမင်းမင်းရေးပေးတာ။ ကျွန်တော်တို့အဖွဲ့မှာ အဆိုအတီး သူတစ်ယောက်ပဲ ကောင်းကောင်းပါတာဆိုတော့ ဘေးနားကနေ နှုတ် (-) ဖြင့် မြှောက်စား (x÷) ပြီး သွားပေါင်း(+)လိုက်တာ သီချင်းတစ်ပုဒ် ရလာတယ်။ အဲဒါကို ညာတာပါတေးနဲ့တခြားအဖွဲံမှာပါနေတဲ့ ဂီတမိတ်က ကိုကျော်ကျော်နဲ့ ကိုကျော်စွာထွန်းတို့ကို တီးခိုင်းပြီး ဂီတမိတ်က ဟေမာန်မင်းဇော် ကပဲဆိုပေးတာ ။

ဝပ်ရှော့နောက်ဆုံးနေ့မှာ ကိုယ်လုပ်ထားတဲ့ Product လေးတွေ ပြကြတော့ တချို့က သရုပ်ဖော်ကာတွန်း၊ တစ်ချို့က ဗီဒီယို ဇာတ်လမ်း၊ တစ်ချို့က သီချင်း၊ ကျွန်တော်တို့က Animation ပြကြတယ်။ အဲဒီနေ့မှ ဝေဖန်ကြ ၊ ချီးကျူးကြနဲ့ တော်တော် လေးပျော်စရာကောင်းပါတယ်။ APK ကလည်းပြောပါတယ် ပုံမှန်ဆိုရင် သုံးလလောက် အီလေးဆွဲပြီး လုပ်ရမယ့်အလုပ်ကို ဒီလို နှစ်ရက်သုံးရက်နဲ့ ရအောင်လုပ်နိုင်ခဲ့ကြတာဟာ Motivation ဟာ အဓိကနေရာကပါကြောင်းပါတဲ့။

နောက်ပိုင်း ဒီ Animation လေးကို မိဘမဲ့ကလေးများကျောင်းမှာပြတော့ ကြိုက်ကြလို့ အကြိမ်ပေါင်းများစွာ ကြည့်ကြပါသတဲ့။ လက်ဆေးလိုက်ကြသဟာလည်း တဗွမ်းဗွမ်းနဲ့ ဗွက်ပေါက်ပါကရောတဲ့။ နောက် Workshop တစ်ခုမှာ အဲဒီကျောင်းက ဆရာမတစ်ယောက်က ပြန်ပြောပြပါတယ်။ အဲဒါမျိုးကြားရရင် ကျွန်တော်လည်း ခံနိုင်ရည် သိပ်မရှိဘူး၊ ပါးစပ် နားရွက် တက်ချိတ်နေတာ။ :P

Let’s wash our hands from Lionslayer on Vimeo.

A Very First Myanmar 3D Animation

ကျွန်တော် 3DsMax စသုံးတော့ မှတ်မိသေးတယ် ကျနော့် ကွန်ပျူတာက Celeron 566, 128 MB RAM, On-board VGA ။ နောက်တော့ 64MB RAM တစ်ကဒ်ဝယ်ပြီး ထပ်စိုက်လိုက်တော့ 196MB ဖြစ်သွားရော။

2001 မတ်လ ထင်ပါရဲ့။ တပ်မတော်ခန်းမမှာ ကွန်ပျူတာပြပွဲလုပ်တော့ ပရော်ဖက်ဆာအဖွဲ့က သူတို့ကိုယ်တိုင် သရုပ်ဆောင် 3D လုပ်ထားတဲ့ Clip လေးပြနေတာ တွေ့တယ်။ စိတ်ထဲမှာ သူတို့လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမယ်ဆိုပြီးတော့ ဖြစ်လာတာပဲ။ ခါချဉ်ကောင် မာန်ကြီးပေမယ့် ခက်တာက ကွန်ပျူတာတစ်လုံးဝယ်ဖို့တောင် ငွေကြေး အင်အား မရှိဘူး ဖြစ်နေတယ်။

နောက်ဆုံးတော့ စိတ်ကို ဒုံးဒုံးချလိုက်ပြီး ပါပါမဆုံးခင် ဘဏ်ထဲမှာ စုပေးထားတဲ့ မုန့်ဖိုးငွေလေးနှစ်သိန်းခွဲကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျနော့်ဘဝရဲ့ ပထမဆုံး ကွန်ပျူတာလေးတစ်လုံးကို အရဲစွန့် ဝယ်လိုက်ပါတော့တယ်။

အဲဒီတုန်းက ကွန်ပျူတာဂရပ်ဖစ် အန်နီမေးရှင်းနဲ့ ပတ်သက်ပြီး သင်တန်းဖြစ်ဖြစ်မြောက်မြောက်ဆိုလို့ Forever Group တစ်ခုပဲ ရှိတာ။ မှတ်မိသလောက် သင်တန်းက Level ၃ခု ရှိတယ်ထင်တယ်။ Level တစ်ခုကို သင်တန်းကြေး ၂ သိန်းခွဲဆိုတော့ နေရစ်တော့ မြနှင်းရယ်ပေါ့။ စသုံးတော့ 3DsMax Version က 3.1 ။ အဲဒီတုန်းက ဒီခေတ်လို Ebook မြောက်မြောက်များများ လောက်လောက်လားလား မရှိသေးတော့ Software မှာပါတဲ့ Help File လေးကို ဖတ်ကာဖတ်ကာနဲ့ စမ်းတဝါးဝါး လုပ်ခဲ့ရတယ်။ ၈တန်းဆရာမ၊ ၉တန်းဆရာနဲ့ ဆရာဦးမြကြိုင်တို့ကို ကျနော့်ရဲ့ အင်္ဂလိပ်စာအရည်အချင်း အိုးနင်းခွက်နင်းဘဝကနေ ထမင်းစားရေသောက် မတောက်တခေါက်ဘဝထိရောက်အောင် သင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတို့။

အဲဒီတုန်းက ကွန်ပျူတာများ တစ်ခုခုဖြစ်ပြီဆို မလုပ်တတ်မကိုင်တတ်နဲ့ ကွန်ပျူတာဝယ်ခဲ့တဲ့ သိမ်ဖြူကို ပြေးပြေးပြရတာ အလုပ်တစ်လုပ်။ ခြောက်လလောက် ရမ်းသမ်းစမ်းသပ်ပြီးတဲ့နောက်မှာ သုံးမိနစ်စာ Animation လေးတစ်ခုကို စ လုပ်နိုင်ခဲ့တယ်။ အဲဒီတုန်းက ဗီဒီယို အော်ဒီယိုပိုင်းနဲ့ ပတ်သက်ပြီး ဘာမှအတွေ့အကြုံမရှိသေးတဲ့အတွက်ကြောင့် အားနည်းချက်များစွာနဲ့ပေမယ့် တော်တော်လေး အားရခဲ့တာ အမှန်ပါပဲ။

2001 နှစ်ကုန်ပိုင်း UFL စတက်တဲ့ အချိန်မှာပဲ အဲဒီ Animation လေးကို အပြီးသတ်နိုင်ခဲ့တယ်။ အဲဒါလေးကို တစ်နေရာရာမှာ ပြချင်တဲ့ စိတ်အား ထက်သန်မှုကလည်း အပြည့်။ အဲဒီတုန်းက ကျောင်းသားစုံညီပွဲလုပ်မယ်၊ ကျောင်းသားတွေရဲ့ လက်ရာကို ပြသနိုင်တယ်၊ တက္ကသိုလ်ကျောင်းတွေလည်း ပါဝင်နိုင်တယ်ဆိုလို့ မော်ကွန်းထိန်းကို အရဲကိုး မာန်တင်းပြီး သွားဆက်သွယ်ခဲ့ပါတယ်။ သူ့ဆီက စကားပြန်ကလည်း အားတက်စရာပါပဲ။ နေ့နေ့ညည မျှော်လင့်ချက်တွေနဲ့ အဲဒီနေ့လေးကို စောင့်ခဲ့ပေမယ့် နောက်ဆုံးမှာ ဘကြီးအောင်က ညာခဲ့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့ ဆုံးဖြတ်ချက်တွေကို ပိုပြတ်သားအောင် အကူအညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

ကျောင်းသားစုံညီပွဲမှာ ပြမယ်ဆိုတဲ့ စိတ်ကူး ပျက်ပြယ်သွားပြီးတဲ့နောက်မှာ စိတ်ထဲမှာ တစ်ကိုယ်လုံးခွန်အားမရှိတော့သလို ခံစားခဲ့ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အိပ်မက်တွေ စိတ်ကူးတွေနဲ့ မွှန်ထူနေတဲ့ ကျွန်တော် ဘာလုပ်တယ် ထင်ပါသလဲ။ ကျွန်တော့်ရဲ့ Animation လေးကို CD တစ်ချပ်ထဲထည့် စာတစ်စောင်ကောက်ရေးပြီး စာတိုက်ကိုသွားပါတယ်။ စာတိုက်က CD တွေက စာတိုက်ကြီးက Register လုပ်ပြီးမှ ပို့လို့ရတယ်ဆိုလို့ စာတိုက်ကြီးကို ထပ်သွားပြီးမှ ပို့လိုက်ရပြန်ပါတယ်။

ကျွန်တော်ပို့တဲ့လိပ်စာက “ညွှန်ကြားရေးမှုး၊ မြန်မာ့ရုပ်မြင်သံကြား၊ ပြည်လမ်း၊ ရန်ကုန်မြို့” အကြောင်းအရာက ” CD တွင်ပါရှိသော Animation ကို မြန်မာ့ရုပ်မြင်သံကြားမှ လွှင့်ပေးပါရန်” ။ ဟားဟား အဲဒီတုန်းက စိတ်ဓာတ်မျိုး တစ်ဝက်လောက် အခု ပြန်လိုချင်လိုက်တာ။ ရူးရူးမိုက်မိုက် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်ရာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အလျှံညီးညီးတောက်နေတဲ့ စိတ်ဓာတ်မျိုး။

ဒီဇင်ဘာ လကုန်ခါနီးထိ ဘာမှ စကားပြန်မရတဲ့အတွက် နောက်တစ်ခု ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက Animation တွေ အရှိန်အဟုန်နဲ့ ထုတ်ဖို့ကြိုးစားနေတဲ့ company တစ်ခု ရှိတယ်။ El`dorado တဲ့။ လူ့ခွစာ ကျွန်တော် ဘာလုပ်တယ် မှတ်ပါသလဲ။ အဲဒီကို ဖုန်းဆက်ပြီး ကျွန်တော် 3D Animation လုပ်နိုင်တယ်၊ အင်တာဗျူး လိုချင်ပါတယ်လို့ ပြောလိုက်တယ်။

ယုံချင်ယုံ မယုံချင်နေ။ အဲဒီကနေပဲ ကျနော့်ဘဝရဲ့ အလှည့်အပြောင်းတစ်ခု စခဲ့တယ်။ အဲဒီကပဲ လူတွေအများကြီးနဲ့ သိခဲ့ ရင်းနှီးခဲ့တယ်။ အင်တာဗျူးတဲ့နေ့မှာပဲ ကျနော့် Animation လေးဟာ 2002 ဇန်နဝါရီ ၉ ရက်မှာပဲ MRTV က လွှင့်မယ်ဆိုတာ သိခဲ့ရတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျနော့် Animation ကို လွှင့်ဖြစ်အောင် ကူညီပေးခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

အဲဒီ Animation လေးဟာ ကျနော့်ရဲ့ ပထမဆုံး Animation မက မြန်မာ့ ပထမဆုံး Short 3D Animation လည်း ဖြစ်ပါတယ်။

နာမည်က “ခဲတံလေးရဲ့ ည”။

Night of The Pencil from Lionslayer on Vimeo.

တစ်ကောင်တည်း ဒါပေမယ့် “ဝက်”

WK 3D Model

WK 3D Model

ဘယ်အရွယ်က စပြီး ကျွန်တော်ပုံဆွဲဝါသနာပါခဲ့လဲ မသိပေမယ့် မှတ်မိသမျှတော့ သုံးလေးနှစ်ကတည်းက ကြောင်ခြစ်ကြွက်ခြစ် စခြစ်နေပြီ။ ပုံရေးတာနဲ့ စာဖတ်တာ အဲဒီကတည်းက တောက်လျှောက် သဲသဲမဲမဲ လုပ်ခဲ့တာပဲ။

သုံးတန်းမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ ပန်းချီပြိုင်ပွဲဝင်တော့ ဆရာမက အားပေးတယ်။

“သားလေး စိတ်ထဲရှိတာသာ ဆွဲလိုက်” တဲ့။

အဲဒါနဲ့ ကိုရင်နှစ်ပါး ဆွမ်းခံကြွတဲ့ပုံ ဆွဲလိုက်တာ ကျောင်းအဆင့်မှာတင် ပြုတ်ပါရောလား။ (ဒိုင်လူကြီးတွေကို Piano Forest ပေးကြည့်ရမယ်။)

သုံးတန်းမှာတင် ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ဇာတ်လမ်းတွေ စရေးပြီ။ ပထမဆုံး ရေးတဲ့ ဇာတ်ကောင်တွေက ကြွက်ငပေါ၊ အီးတီ၊ ဝက်ကြီး။ စရေးတော့ ဘိုဘို၊ အီးတီ၊ ဖက်တီး ရယ် မူရင်း နိုဘိတ၊ ဒိုရာအဲမွန်၊ ဂျအိအန်း ရယ်တို့ကို ကာရိုက်တာယူပြီးဆွဲတာ။ ဆွဲပြီးတော့ ကာတွန်းတွေကို သူငယ်ချင်းတွေကို ပေးဖတ်။ (ဝေဖန်ရင်တော့ ဆွဲထိုးပစ်မယ်ဆိုပြီး :D။)

Big Bad Pig

Big Bad Pig

ဆွဲရင်းဆွဲရင်းနဲ့ နောက်တော့ ဝက်ကြီးကိုဆွဲရတာ တော်တော် အားရလာတယ်။ သူ့ကာရိုက်တာက မူရင်း မှန်းထားတာထက် ပိုထူးခြားလာတယ်။ သူက အနိုင်ကျင့်တတ်တယ်။ ရိုင်းတယ်။ အလိုက်မသိဘူး။ တွေ့သမျှ ကြုံသမျှ ဟာသလုပ်ပစ်ဖို့ပဲ စိတ်ကူးတယ်။ သူ့ကို အလေးအနက်ထား ဆွေးနွေးခိုင်းလို့ မရဘူး။ ဒါပေမယ့် သူက ဂျိုကာဖြစ်တယ်။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ ဇာတ်ကောင် ဖြစ်လာတယ်။ သမားရိုးကျ မဟုတ်တဲ့ ဇာတ်လိုက်ဘက်ကို တဖြည်းဖြည်း ရွေ့လာတယ်။ သူက သမားရိုးကျ ဇာတ်လမ်းတွေမှာ ဗီလိန် ဖြစ်ကောင်းဖြစ်မယ်။ ကမ္ဘာကြီး အန္တရာယ်ဖြစ်မယ့်အရေးမှာတော့ သူဟာ ကယ်တင်ရှင်ဖြစ်တယ်။

သူ့ရဲ့ လက်စွဲဆောင်ပုဒ်ကတော့

“တစ်ကောင်တည်း ဒါပေမယ့် ဝက်”။

KyaKyan By APK. Sayar APK got inspiration of "Only one, but PIG" dialog from my "Jet Flyer" story.

Sayar APK got inspiration of "Only one, but PIG" dialog from my "Jet Flyer" story.

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.